‘ငယ်နာမည်’
တစ်ဝမ်းကွဲ အစ်ကိုကြီးတွေက ငတိ လို့ ခေါ်တယ်။ လူစွမ်းလူစ ရှိမယ့် အကောင် မဟုတ်၊ ဘ၀ နုံချာမယ်လို့ ဟောချက်ထုတ်သလား မသိပါ။
‘ထောင်တန်တဲ့ စကား’
ဆယ်တန်းစာမေးပွဲ အဖြေလွာကို စစ်ခွင့်ရလို့ စစ်ရင် စာတစ်အုပ်စစ်ဆေးခ ငွေတစ်ကျပ်ရတယ်၊ တစ်နှစ်မှာ သမိုင်းမေးခွန်းပေါက်တယ်၊ ဆိုင်ရာပါမောက္ခကို မသင်္ကာပါ၊ ငါ့ကို အုပ်တစ်ထောင် ဝေစုပေးပြီး ‘‘ဒီမှာ မေးခွန်းစာရွက်’’ လို့ ပါမောက္ခက ပေးတော့ ‘‘မေးခွန်းက စာမစစ်မီကပဲ ရပြီးဖြစ်ပါတယ်’’ လို့ ပြောလိုက်တယ်။ ‘‘ဒါဖြင့်လဲ မယူနဲ့တော့’’ လို့ပြောပြီး ငွေတစ်ထောင်ဖိုး အဖြေစာအုပ်တွေကို မပေးတော့ပါ။
‘သမိုင်း’
‘‘စိတ်ကူးများရင် သမိုင်းမဟုတ်၊ သမိုင်းဟုတ်ရင် စိတ်ကူးမပါ’’ ၊ မှန်နန်းထဲမှာပဲ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွန်းက ရေးပြီးသား ပါနေတယ်။ ဒါမျိုး ငါတို့မသုံး။
‘ထိုးစစ်၊ ခံစစ်’
သူများကို ကိုယ်ကစပြီး မတိုက်ခိုက်၊ သူက တိုက်လာရင် ခံစစ်ကို အကျအန ပြင်ဆင်ခုခံတယ်။ တိုက်ပွဲတိုင်း အနိုင်မရနိုင် ဆိုတာလဲ နားလည်ထားတယ်၊ လုပ်ရဲရင် ခံရဲရတယ်လို့ အမြဲသတိရှိတယ်။ ‘‘စင်္ကြ၀တေးမင်း၊ မန္ဓာတ်မင်းလဲ သေတာပဲ’’ လို့ အောင်ပွဲရလို့ အောက်ခြေလွတ်တဲ့လူတွေကို ပြောမိပါတယ်။
‘စာမေးပွဲ’
ဘာသာရပ်သင်ရိုးကို ပြည့်စုံအောင် မသင်ရဘဲ စာစစ်တော့လို့ ခိုင်းတဲ့အခါ မေးခွန်းနောက်က ‘‘သင်သိသမျှ ရေးပါ’’ လို့ ထည့်လိုက်တယ်။ အောင်ချက် သိပ်ကောင်း တော့လည်း ငါက ဂုဏ်မယူပါ၊ ‘‘နင်တို့တော်လို့အောင်တယ် မထင်နဲ့၊ ငါအအောင်ပေးတာ’’ လို့ ပြောရပါတယ်။ ခပ်ရှင်းရှင်းပြောတော့ စာမေးပွဲစနစ်ဟာ ကျောင်းသားအရည်အချင်းကို တကယ်မသိနိုင်ဘူး။ နောက် စာမေးပွဲမှာ မေးတတ်တဲ့ ပုစ္ဆာကိုပဲ ပိုင်ပိုင် ဖြေတတ်အောင်သင်ပေးတဲ့ ကျူရှင်ထွန်းကားလာတော့ ပိုပြီးပျက်စီးသွားတယ်။ နောက်တစ်မျိုးပြောတော့ ဘာသာရပ်ကို ကောင်းကောင်း မသိ၊ မတတ်ဘဲ၊ အမှတ်များများနဲ့ စာမေးပွဲအောင်နိုင်တဲ့ လမ်းစတွေထွင်ပေးတဲ့လူတွေနောက်ကို လိုက်ကုန်ကြလို့ ပညာရေးစနစ်ဟာ ပျက်သွားတယ်။ တစ်ဖက်က အရည်အသွေးကို နေ့စဉ်၊လစဉ်ကြည့်ပြီး အမှတ်ပေးတဲ့စနစ်(Credit System) ကို လုပ်ပြန်တယ်။ မလုပ်တတ်တော့ စာသင်တန်းဆရာ၊ဆရာမက ကိုယ့်တပည့်တွေကို ကျောင်းခန်းအပြင်တစ်နေရာခေါ်ပြီး၊ ကျောင်းသင်ခန်းစာပဲ သင်ပေးတယ်။ ကိုယ့်တပည့်ကို ကိုယ်ပဲအမှတ်အများကြီးပေးတဲ့ ‘‘ကျူရှင်သစ်’’ ပေါ်လာတယ်။ ရှင်းရှင်းပြောတော့ ‘‘ယိုင်တာကနေ ပြိုတယ်’’ လို့ ပြောရမယ်။ လူနည်းရင် စည်းကမ်းရှိအောင် ထိန်းဖို့ လွယ်တယ်ဆိုတဲ့ စကားရှိတယ်။ တက္ကသိုလ်မှာ လူနည်းရင် မကောင်းဘူးလားဆိုတာလဲ အဖြေတစ်ခုပါပဲ။
‘သူနိုင်တာ ငါညံ့လို့’
ကျောင်းဆရာသက် အနှစ်ငါးဆယ်ကျော်တော့ သင်လို့မတက်တဲ့ တပည့်အရင်းအချာတွေ ထောင်သောင်းမက ရှိလာတာကို တွေ့တယ်။ ငါလဲ ဖျင်းတဲ့လူတွေနဲ့ အနေကြာတော့ ဖျင်းလာပြီလို့ သံသယ၀င်တယ်။ ဒါပေမယ့် သင်ရင်တတ်တယ်ဆိုတဲ့ အစွဲက ရှိပါသေးတယ်။ ပြီးတော့ ပညာမာန်(Professional Pride) ရှိတယ်၊ အဲဒါမရှိရင် အခုလောက် အလုပ်လုပ်မယ် မဟုတ်ပါ။ အတိုက်အခံရှိမှ တိုးတက်တယ်ဆိုတာလဲ ယုံတယ်။ အခက်အခဲကို ကျော်လွန်နိုင်အောင် လုပ်ရတာ ပျော်တယ်။ ရန်သူကို မျှော်တယ်။ ဒါပေမယ့် ကိုယ်ကစပြီး မတိုက်ခိုက်ပါ။ သူကလာတိုက်ရင် ကျကျနနပြင်ဆင်ခုခံတယ်။ နိုင်ချင်လို့ အရှုံးခံတယ်(Defeat into Victory) ကို သိပ်ကြိုက်တယ်။ ဘယ်တော့ ဆုတ်ပေးရမယ်ဆိုတာသိမှ စစ်သူကြီးကောင်းပီသတယ်။ ဒီတော့ ဆုတ်စစ်မှာ သိပ်ပြီး ဖရိုဖရဲမရှိနိုင်ပါ။ ရန်သူကိုလေ့လာတယ်၊ ရန်သူဆီက သင်ခန်းစာရတယ်၊ ရန်သူဟာ မိတ်ဆွေ(Friendly Enemy) ဖြစ်ပါတယ်။ ဒီတစ်ကွေ့မှာ ကိုယ်ရှုံးပေမယ့် နောက်တစ်ကွေ့မှာ နိုင်နိုင်တယ်။ ဒီလိုနဲ့ အခက်အခဲတွေ အများကြီးကိုငါကျော်ဖြတ်ပြီး တက်ခဲ့တာဖြစ်တယ်။ ဒီတစ်ကွေ့မှာ ရန်သူနိုင်တာဟာ ငါညံ့လို့ဖြစ်တယ်၊ ငါထပ်ကြိုးစားလို့ တော်လာရင် သူဘယ်မှာ နိုင်တော့မှာလဲ၊ ဒါသင်ခန်းစာပဲလို့ မှတ်ယူတယ်။ အဲဒီအခါဟာ ‘‘ကိုလိုနီနယ်တွေက အင်္ဂလိပ်ထွက်သွားတာမျိုး၊ သိက္ခာရှိရှိ နောက်ဆုတ်တာ(Glorious Retreat)’’ ဖြစ်တယ်။
‘အပြန်အလှန် အထင်သေး’
တက္ကသိုလ်က ဆရာဆိုရင် သုတေသနလုပ်ရမယ်၊ ဘာသာရပ်ဆိုင်ရာ တိုးတက်မှုဟာ သူ့အလုပ်။ ဟိုဟာ ဒီဟာအကြောင်းပြပြီး သုတေသနမလုပ်ရင် အလကားကောင်လို့ သတ်မှတ်တယ်။ ပြောင်းမှုန့်ကို သကြားနဲ့နယ်ပြီး ထောပတ်နဲ့ကြော်တဲ့ ဟိန္ဒူမုန့်တစ်မျိုးရှိတယ်၊ လဍ္ဍူလို့ခေါ်တယ်။ ချိုသလို ဆိမ့်သလို မွှေးသလိုနဲ့ ထင်သလောက်မကောင်းပါဘူး။ သုတေသနမလုပ်တဲ့ လူဟာ လူသွက် လူရည်လည်ဖြစ်မယ်၊ ဂိုက်ကောင်းမယ်၊ ဒါပေမယ့် ငါကသူ့ကို လဍ္ဍူလို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒီလဍ္ဍူတွေ ပဲ ငါ့ကိုကျော်ပြီး ရာထူးတက်တက်သွားလိုက်ကြတာ၊ ငါလူကဲခတ်တော်တယ်လို့ ထင်တယ်။ ငါ လဍ္ဍူခေါ်ရင် အောင်မြင်ကြီးပွားကြတာ များတယ်။
‘သီချင်းတစ်ပုဒ် တက်ပေးခဲ့ပါ’
အဆို အတီးနဲ့ အရပ်လည်တောင်းတဲ့ သူတောင်းစားနှစ်ယောက်၊ မြစ်တစ်ဖက်ကို ကူးရမယ့်နေရာရောက်တော့ တစ်ယောက်က ရေစမ်းပြီးကူးကြည့်မယ် ဆိုပြီး ရေထဲဆင်းတယ်၊ ရေက ထင်တာထက် ပိုနက်လို့ ရေနစ်ပြီး သေတော့မယ့်အခြေအနေကို ကမ်းပေါ်က သူတောင်းစားကမြင်တော့ ဟိုကောင်က ငါ့ထက်သီချင်းအဆိုတော်တယ်၊ သူသေရင် ငါခက်မယ်။ ‘‘ဟေ့ ငါ့ကို သီချင်းတစ်ပုဒ် တက်ပေးခဲ့ပါဦး’’ လို့ ခိုင်းတယ်။
(ဒေါက်တာသန်းထွန်း၏ ‘‘ငါပြောချင်သမျှ ငါ့အကြောင်း’’ စာအုပ်မှ……)
Leave a comment